ပေါက်မြို့နယ် သက္ကယ်ကျင်း-ကိုင်းမကျေးရွာတွင် ၁၂၀.၁၂ ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် ဆောင်ရွက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလျက်ရှိ

ပေါက်မြို့နယ် သက္ကယ်ကျင်း-ကိုင်းမကျေးရွာတွင် ၁၂၀.၁၂ ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ် ဆောင်ရွက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလျက်ရှိ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ အသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတွင် ၁၂၀.၁၂ ကီလိုဝပ် ဆိုလာအသေးစားဓာတ်အားပေးစနစ် (၆၂ ကီလိုဝပ် အရံဒီဇယ်အင်ဂျင် စနစ်) စီမံကိန်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းဆောင်ရွက်ပေးခြင်းဖြင့် အိမ်ခြေပေါင်း (၄၀၀) ကျော်ခန့် ၂၄နာရီပတ်လုံး လျှပ်စစ်မီး အသုံးပြု နိုင်နေပြီဖြစ်သည့်အပြင် အသေးစားစက်မှုလုပ်ငန်းများပါ ဆောင်ရွက်နိုင်နေပြီဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှ သိရသည်။

အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆၀)ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူမှ (၂၀) ရာခိုင်နှုန်း၊  လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်းဖြင့် အချိုးကျ ထည့်ဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး သက္ကယ်ကျင်း-ကိုင်းမကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် အား Innovative Energy Co.,Ltd မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။